International News

ဧပြီလနောက်ပိုင်းအထိဒီဇယ်ဆီအတွက်ထောက်ပံ့လိမ့်မည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာန ပြောကြားခြင်း

Last Updated:

ထိုင်းအစိုးရအနေဖြင့် ငွေကြေးဖေါင်းပွမှုနှင့်ရင်ဆိုင်နေရသော စားသုံးသူများအား ကူညီရန်အတွက် ဧပြီလနောက်ပိုင်းအထိ ဒီဇယ်ဆီ အတွက် အစိုးရ၏ ထောက်ပံ့မှုအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ထောက်ပံ့ကြေးမှာ အကန့် အသတ်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Supattanapong Punmeechao ၏ ပြောကြားချက်အရ သိရှိရပါသည်။

Mr. Supattanapong က အစိုးရအနေဖြင့် ဒီဇယ်ဆီတစ်လီတာလျှင် ဘတ်ငွေ (၃၀) အထက်ဈေးနှုန်း၏ ထက်ဝက်ကျော် ထောက်ပံ့ ပေးနိုင်ကြောင်း (၁၉.၄.၂၀၂၂) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် စက်သုံးဆီရန်ပုံငွေအား အသုံးပြု၍ တစ်လီတာလျှင် (၁၁.၂၁) ဘတ်နှုန်းဖြင့် ထောက်ပံ့ရေးအစီအမံ၏ တစ်စိတ်တစ်ပိုင်းအဖြစ်ထောက်ပံ့ခဲ့ပြီး  ဧပြီလအကုန်အထိ ဒီဇယ်ဆီ တစ်လီတာ လျှင် ဘတ်ငွေ (၃၀) ဖြင့် ထိန်းထားရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏  ပြည်တွင်းဒီဇယ်ဆီ စုစုပေါင်းသုံးစွဲမှုမှာ တစ်ရက်လျှင် လီတာ (၆၅) သန်းခန့်ရှိကြောင်း၊  ၎င်းတို့အနက် (၁.၄၁) သန်းမှာ ပရီမီယံဒီဇယ်ဆီဖြစ်ကြောင်း သိရှိရပါသည်။ အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်အသုံးစရိတ်သက်သာစေရန်အတွက် ဇိမ်ခံကားများ အတွက် အသုံးပြုသည့်  ပရီမီယံဒီဇယ်ဆီထောက်ပံ့ကြေးကို ရုပ်သိမ်းကြောင်း မတ်လ (၂၉) ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းမှာ ဧပြီလမှ စတင်၍ သက်ရောက်မှုရှိကြောင်းသိရှိရပါသည်။ 

မေလတွင် အစိုးရအနေဖြင့် ဒီဇယ်ဆီတစ်လီတာလျှင် ဘတ်ငွေ (၃၀) အထက် ဈေးနှုန်း၏ ထက်ဝက်ကျော်ကို ဆက်လက်၍ ထောက်ပံ့ ပေးလိမ့်မည်ဖြစ်ကြောင်း၊ စားသုံးသူများကိုကူညီရန် နောက်ထပ်အစီအမံများအား ရှာဖွေရန် စွမ်းအင်ဝန်ကြီးဌာနအား တာဝန်ပေးအပ် ထားကြောင်း သိရှိရပါသည်။ ဧပြီလ (၁၇) ရက်နေ့အထိ စက်သုံးဆီရန်ပုံငွေရုံးမှ နိုင်ငံတော်စက်သုံးဆီရန်ပုံငွေမှာ ဘတ်ငွေ (၅၀) ဘီလီယံရှိကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အစိုးရအနေဖြင့် ကုန်စည်နှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာမှုကို အနီးကပ်စောင့်ကြည့်လျှက်ရှိ ကြောင်းနှင့် ၎င်းမှာ ပြည်သူများအတွက် အခက်အခဲဖြစ်စေသည့် အကြောင်းအရင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ပရာယွတ်က အထူးသဖြင့် ကုန်ကျစရိတ်များ မြင့်မားလာမှုကို ခံစားရသည့် ဝင်ငွေနည်းပါးသူများအတွက်  ၎င်းအနေဖြင့် စိုးရိမ်မိ ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ပြည်သူများအတွက် နေထိုင်စားသောက်စရိတ်များ သက်သာစေရန် နောက် ထပ်အစီအမံများအား အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန် ကတိပြုထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: International News